U Nu Daw Mya Yi Foundation

Not for profit, just to help needy

Speech

ဦးနုဒေါ်မြရီဖောင်ဒေးရှင်း တည်ထောင်သူ ဒေါ်သန်းသန်းနုနှင့် အင်တာဗျူး

Daw Than Than Nu
Founder of U Nu Daw Mya Yi Foundation

မေး။     ။ ဟုတ်ကဲ့ အန်တီက ဦးနုဒေါ်မြရီဖောင်ဒေးရှင်းမှာ ဘာတာဝန်များယူထားလဲ

ဖြေ။     ။ ဦးနုဒေါ်မြရီ ဖောင်ဒေးရှင်းမှာ ကျွန်မကဥက္ကဋ္ဌပါ။

မေး။     ။ ဟုတ်ကဲ့ ဒီခြေတုတပ်ဆင်ပေးတဲ့ စိတ်ကူးက ဘယ်လိုများ ပေါ်လာတာလဲ။

ဖြေ။     ။ ခြေတုတပ်ပေးတဲ့ စိတ်ကူးလေးက၊ အမှန်တော့ စိတ်ကူးကြီးပေါ့လေ ကျွန်မအိန္ဒိယမှာ နေခဲ့တုန်း က၊ ၁၉၈၀ လောက်ကထင်ပါတယ် ကျွန်မတို့ နယူးဒေလီကိုရောက်တယ်၊ အရင်တုန်းကတော့ နယူးဒေလီမှာ မဟုတ်ပါဘူး၊ ဘိုပါးဆိုတဲ့မြို့မှာပေါ့ အဖေ၊ အမေတို့နဲ့ တူတူနေတာပေါ့၊ ဦးနုနဲ့ ဒေါ်မြရီပေါ့၊ နောက်တော့ အဖေနဲ့အမေက မြန််မာပြည်ကို ပြန်ရတယ်ဆိုတော့ ကျွန်မတို့ကအလုပ်လုပ်ရမှာပေါ့၊ အလုပ်လုပ်ဖို့အတွက် နယူးဒေလီမြို့တော်ကိုပြောင်းတယ်၊ ပြောင်းပြီးတော့ အဲဒီကအသံလွှင့်ရုံမှာ အလုပ်လုပ်တယ်။ တစ်နေ့ကျ တော့ ကျွန်မကရုပ်သံလိုင်းတစ်ခုကိုဖွင့်လိုက်တယ်၊ ဖွင့်လိုက်တော့ ဘာကိုတွေ့ရလဲဆိုတော့ အခုခြေတုတပ် တဲ့အဖွဲ့ သူကတော့ နာမည်က BMVSS နဲနဲရှည်တယ်၊ ဒီမှာရေးထားတဲ့အတိုင်း Bhagwan Mahaveer Viklang Sahayata Samaiti ပေါ့၊ ဘဂဝမ်မဟာဗီး ဆိုတာက သူတို့တွေဆီမှာ ကျွန်မတို့ရဲ့ဗုဒ္ဓဘုရားနဲ့ ခေတ်ပြိုင်ပေါ်ပေါက်ခဲ့တဲ့ ဂျိန်းဘုရားပေါ့ ဂျိန်းဘာသာဝင်တွေ ကိုးကွယ်ကြတာပေါ့။ အဲဒါကို ဦးထိပ်ထားပြီး ဒီအဖွဲ့ကို ဖွဲ့လိုက်တာပေါ့။ ဆိုတော့ အဲဒီအဖွဲ့ရဲ့ စတင်တည်ထောင်တဲ့ နေရာက အိန္ဒိယနိုင်ငံအနောက်ပိုင်း ရာဂျပ်စတန်ပြည်နယ်ရဲ့ မြို့တော်၊ ဂျိုင်ပူမြို့မှာပါ။ အဲတော့ လူတိုင်းက ဒီ BMVSS ဆိုတဲ့ နာမည်က ရှည်တော့ ဂျိုင်ပူ (Jaipur )မြို့ကို အစွဲပြုပြီး ဂျိုင်ပူဖု (Jaipur Foot) ဂျိုင်ပူခြေတုပေါ့ အဲလိုပဲ ခေါ်ကြတာပါ။ ဒီအဖွဲ့ရဲ့ နာယက ဆရာကြီးဒေါက်တာ မက်သာ (Dr. Mehta ) လို့ခေါ်ပါတယ်၊ ဒေါက်တာ မက်သာက ၁၉၇၀ ခုနှစ် အစပိုင်းလောက်မှာ မော်တော်ကား မတော်တဆဖြစ်ပါတယ်။ ဒဏ်ရာပြင်းထန်တဲ့အတွက် ဆေးရုံပေါ်မှာ အကြာကြီးနေခဲ့ရပါတယ်။ သူကဆေးရုံမှာ အကြာကြီးနေရတော့ သူကစဉ်းစားတယ်၊ သူက ပိုက်ဆံရှိတဲ့ အသိုင်းအဝိုင်းက လူငယ်တစ်ယောက်ပေါ့၊ သူကစဉ်းစားတယ် သူတောင် ခြေထောက်ဒဏ်ရာကြီးနဲ့ ဒီလောက် ဒုက္ခရောက်နေတာ နွမ်းပါးတဲ့သူတွေဆိုရင် ဒီဒုက္ခတွေကို ဘယ်လိုရင်ဆိုင်မလဲ၊ ဘယ်မျာသွားပြီး အကူအညီ တောင်းမလဲ၊ ဘယ်မှာသွားပြီးခြေတုတပ်မလဲပေါ့၊ အဲလိုတွေ သူစဉ်းစားလိုက်မိတဲ့အခါကျတော့၊ သူဆေးရုံက ဆင်းတဲ့အခါ သူ့မိတ်ဆွေတွေနဲ့ အဖွဲ့လေးတစ်ဖွဲ့ စဖွဲ့လိုက်ပြီး အစိုးရဆီမှာ တရားဝင်မှတ်ပုံတင်လိုက်ပါ တယ်။ အဲလိုနဲ့ သူတို့ခြေတုတွေစလုပ်ကြတယ်၊ သူတို့နည်းသူတို့ဟန်နဲ့ပေါ့၊ ဆရာဝန်တွေလဲပါတယ်၊ သူတို့ နည်းနဲ့ဆိုတော့ ဒီလိုမချောမွှေ့ဘူးပေါ့၊ အကြမ်းထည်လိုဖြစ်နေတာပေါ့၊ ဒါပေမယ့်သုံးလို့ရတယ်၊ သူတို့ဆီက လူတွေနဲ့အဆင်ပြေတယ်၊ အဲတော့ သူက ဒီလုပ်ငန်းကို တစ်စတစ်စတိုးချဲ့ရင်း နာမည်အရမ်း ထွက်လာတယ် ဂျိုင်ပူဖုဆိုပြီး နာမည်အရမ်းထွက်လာတယ်။ နည်းပညာ ခေတ်မမှီပေမယ့် သူတို့ရဲ့ခြေတုတွေက အဲဒီက တည်းက ပြေးနိုင်တယ်၊ ထိုင်နိုင်၊ ထနိုင်တယ်ဆိုတော့၊ အဲဒီကတည်းက နာမည်ကြီးသွားတယ်ပေါ့။ အဲတော့ အဲဒါကို အိန္ဒိယအစိုးရရဲ့ ရုပ်သံလိုင်းကနေပြတယ်။ အဲဒီသတင်းမှတ်တမ်းလေးကို ကျွန်မကကြည့်လိုက်ရ တော့ ဘာကိုစိတ်ဝင်စားမိလဲဆိုတော့ သူတို့က ဖိနပ်စက်ရုံကစွန့်ပြစ်မယ့် ရာဘာပစ္စည်းတွေ၊ ကောက်ရိုးတွေ၊ အဲဒါတွေနဲ့လုပ်တာကို အဆင်ပြေပြေသုံးလို့ရနေတာကို စိတ်ဝင်စားမိတာပေါ့။ သူတို့က အရမ်းကိုကူညီကြ တယ်၊ အကုန်လုံးကို အခမဲ့လိုက်ကူညီတော့ တစ်စတစ်စနဲ့ နာမည်ရလာတယ်။ သူတို့ဆီကို အလှူငွေ ထည့်ဝင်သူတွေကလဲ များလာတယ်။ အလုပ်ကိုလဲ ပိုကြိုးစားလုပ်လာကြတာပေါ့၊ အဲတော့ အမေရိကန်က တက္ကသိုလ်တစ်ခု၊ စတမ်းဖို့ ယူနီဗာစတီပေါ့ (Stanford University) က ပါမောက္ခတွေက သူ့ဆီကို (ဒေါက်တာမက်သာ) ဆက်သွယ်လာပြီးတော့၊ ကျွန်တော်တို့မှာ ခေတ်မီတဲ့ နည်းပညာတွေရှိတယ်၊ နည်းပညာ တွေ ခင်ဗျားကိုပေးမယ်၊ ခင်ဗျားတို့အဖွဲ့ကနေ လုပ်ကြပါဆိုပြီး ပြောလာတယ်၊ အခု ဒီမှာ ဒီနေ့လုပ်နေကြတာ အဲဒီအမေရိကန်နည်းပညာပါ။ အဲဒီနည်းပညာနဲ့ သူတို့အိန္ဒိယကဂျိုင်ပူမှာလုပ်တာ ဒေါ်လာ ၅၀ လောက်ကျ တယ်၊ အရမ်းသက်သာပါတယ်၊ မြန်မာနိုင်ငံမှာဆိုရင် ၅ သိန်းလောက် ကုန်ကျနေတုန်းပါ၊ အခု ဒီကိုယူလာ တော့ သင်္ဘောတင်ခနဲ့ပေါင်းမှ ၉၅ ဒေါ်လာကျပါတယ်။ ဒီနည်းပညာပေးတဲ့ အမေရိကန်မှာကတော့ ဒေါ်လာ တစ်သောင်းကျော်ကုန်ကျပါတယ်။ ဘာဖြစ်လို့လဲလို့ မေးတော့ သူလဲမပြောပြတတ်ဘူးတဲ့ အမေရိကန်တွေကို မေးကြည်မှပဲသိမှာတဲ့၊ အိန္ဒိယမှာက ကမ္ဘာမှာ အကြီးဆုံး ခြေတုတပ်ဆင်ပေးတဲ့ အဖွဲ့ကြီး ဖြစ်လာတယ်၊ အဲဒီသတင်းမှတ်တမ်းကိုကြည့်ပြီး ၁၉၈၀ ဝန်းကျင်လောက်ကတည်းက ကျွန်မအိမ်မက် မက်ခဲ့တာပေါ့၊ အဲဒီတုန်က ကျွန်မ မြန်မာပြည် ပြန်လို့မရဘူးပေါ့၊ တစ်ကယ်လို့ ကျွန်မမြန်မာပြည်ပြန်ခွင့်ရခဲ့ရင် မြန်မာပြည် မှာလဲ မသန်စွမ်းတဲ့သူတွေရှိတယ် အဲဒီခြေတုတပ်ပေးတဲ့ အလုပ်ကို ငါလုပ်မယ်လို့ ကျွန်မခေါင်းထဲမှာ စွဲစွဲမြဲမြဲ ရှိနေခဲ့ပါတယ်။ ရှိနေပေမယ့် ဒါလုပ်တယ်ဆိုတာကလဲ ပိုက်ဆံ မချမ်းသာတောင်မှပဲ ငွေအရင်းအနှီးကလေး နဲနဲ ရှိဖို့ကလိုတယ်လေ။ ကျွန်မတို့ကလဲ တစ်ခါမှ အရင်းအနှီးကလဲမရှိဘူး၊ အိန္ဒိယမှာဆိုတာကလဲ အစိုးရရဲ့ အသံလွှင့်ဋ္ဌာနမှာ လုပ်တာဆိုတော့ လခစားဝန်ထမ်းပဲလေ။ နောက်ဒီပြန်လာတော့လဲ အလုပ်လက်မဲ့ပေါ့၊ ကျွန်မတို့က ဘာအလုပ်မှ မရှိဘူးပေါ့၊ ကျွန်မ ၂၀၀၃ ခုနှစ်က ဒီကိုပြန်ရောက်တယ်၊ ပြန်ရောက်ကတည်းက ကျွန်မတစ်နေ့မှာ သူတို့အဖွဲ့နဲ့ ဆက်သွယ်ပြီး ဒီအလုပ်ကို လုပ်မယ်လို့တော့ အမြဲစဉ်းစားနေခဲ့ပါတယ်။ ၂၀၁၀ မှာကျတော့ နိုင်ငံရေးလုပ်ခွင့်တွေ ရှိလာတော့ နိုင်ငံရေးပါတီထောင်၊ နိုင်ငံရေးလုပ်တာနဲ့ ဆိုတော့ မလုပ်ဖြစ်ပြန်ဘူး၊ စိတ်ကူးကတော့ ရင်ထဲမှာစွဲနေတာပေါ့၊ နောက်တော့ မဖြစ်တော့ဘူး၊ လုပ်မယ်၊ လူပ်မယ်နဲ့ မလုပ်ဖြစ်ဘူး၊ မြန်မာပြည်ပြန်ရောက်တာလဲ ၁၀ နှစ်ကျော်လာပြီ လုပ်မှပဲလို့ တွေးပြီး ကျွန်မအဖေက အမွေပေးခဲ့တဲ့ ကျွန်မရဲ့ဝေစုမြေကွက်ကလေးကို နဲနဲလေးပိုင်းရောင်းလိုက်ပြီး၊ အဲဒီကရတာလေးတွေနဲ့ ဒါကို စလုပ်ခဲ့ပါတယ်။ ဒါကိုလုပ်တော့လဲ လွယ်လွယ်နဲ့တော့ မရဘူးပေါ့၊ ဒါက အိန္ဒိယအစိုးရရဲ့ အထောက် အပံ့ကလဲပါတော့၊ အိန္ဒိယသံရုံးကတစ်ဆင့် စာရေးရတယ်၊ သံရုံးကလဲ ထောက်ခံသင့်၊ မထောက်ခံသင့် လေ့လာပြီးမှ ထောက်ခံခဲ့တယ်၊ ဒီအဖွဲ့ဆီကိုလဲ တရားဝင်စာပို့ရပါတယ်။ သူတို့ကလဲ လာမယ်ဆိုလို့ လုပ်နိုင် ခဲ့တာပါ။ သူတို့ကလဲ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာပိုလုပ်ပေးချင်တော့ ကျွန်မတို့နိုင်ငံကလဲ၊ ဖွံ့ဖြိုးဆဲဆိုတော့ လာဖို့ စိတ်ဝင်စားခဲ့တာပါ။ အဲတော့ ကျွန်မက သူတို့နဲ့တွဲပြီး အလုပ်လုပ်ဖို့ အဖွဲ့ကလေးတစ်ဖွဲ့တော့ ထောင်ရမှပေါ့၊ ဒါနဲ့ ဦးနုဒေါ်မြရီဖောင်ဒေးရှင်းကို ကျွန်မကစတင်ဖွဲ့စည်းခဲ့ရပါတယ်။ ၂၀၁၅ ခုနှစ် သြဂုတ်လ ၆ ရက်နေ့မှာ စဖွဲ့ပါတယ်၊ စဖွဲ့ကတည်းက အိန္ဒိယအစိုးရကို ဆက်သွယ်ခဲ့ပါတယ်၊ အိန္ဒိယအစိုးရကလဲ နောက်ဆုံးမှာ ကူညီဖို့ ဆုံးဖြတ်လိုက်တဲ့အခါ၊ ဒီအဖွဲ့ရဲ့ စက်တွေ၊ ပစ္စည်းတွေအတွက် သယ်ယူပို့ဆောင်ခတွေ အဖွဲ့သား တွေရဲ့ ခရီးစရိတ်တွေ အကုန်လုံးကို အိန္ဒိယအစိုးရကကူညီပါတယ်၊ ဒီအဖွဲ့ကတော့ ပညာရှင်တွေက လုပ်အား ဒါနပေးတယ်ပေါ့။ သူတို့ဆီက အကူအညီတွေရတော့ သူတို့လုပ်ငန်းခွင်အတွက် နေရာ၊ ပညာရှင်တွေ တည်းဖို့ စတာတွေကို သူတို့တောင်းဆိုတဲ့အတိုင်း ကျွန်မက ဒီမှာစီစဉ်ဖို့ နေရာတွေရှာရပါတယ်၊ ဒီလုပ်ငန်းက ညှော်နံ့နဲ့၊ အသံကလဲ ဆူညံတော့ ရပ်ကွက်ထဲက အိမ်တွေ ငှားလို့လဲ မရသလို၊ အိမ်ငှားဖို့လဲ မတတ်နိုင်ပါဘူး၊ ပညာရှင်တွေနေဖို့ နေရာထိုင်ခင်းတွေ အဲဒါတွေအတွက် ကျွန်မမှာရှိတဲ့ ရန်ပုံငွေနဲ့က မလောက်ပါဘူး၊ ဒါနဲ့ ဒီကျောင်းတိုက်ကို ရောက်လာပြီး ဆရာတော်ကိုလာလျှောက်တော့ ဆရာတော်က ၂ ခါတောင် မလျှောက် ရပါဘူး၊ ဒီမှာလုပ်ပါဆိုပြီးနေရာပေးပါတယ်၊ နေရာကလဲ သူတို့ တောင်းဆိုတာနဲ့ ကိုက်ညီတော့ အဆင်ပြေ ပါတယ်၊ ပညာရှင်တွေ နေဖို့ကျတော့လဲ တော်ဝင်ဦးကိုကိုထွေးကို ပြောကြည့်တဲ့အခါ သူကလဲ ၂ ခါမပြောရ ပါဘူး၊ သူ့ဟိုတယ်မှာထားပါဆိုပြီး ချက်ချင်းနေရာပေးပါတယ်။ ပညာရှင် ၁၀ ယောက်စာပေါ့။ တော်ဝင်ဂါးဒင်း ဟိုတယ်မှာနေရာပေးပါတယ်၊ ဦးကိုကိုထွေးနဲ့က အရမ်းမရင်းနှီးပါဘူး၊ အခမ်းအနားတွေမှာ တွေ့နေဆုံနေတာ လောက်ပါပဲ။ အကူအညီတောင်းကြည့်တော့ အလွယ်တကူပေးတာကို အရမ်းဝမ်းသာမိပါတယ်။ ပညာရှင်တွေ အကြိုအပို့ကိုလဲ သူပဲကူညီတာပါ၊ လုပ်ငန်းတွေ ဝိုင်းဝန်းဆောင်ရွက်ကြတာကတော့ ကျွန်မတို့ ဖောင်ဒေးရှင်း ရဲ့ အဖွဲ့သားတွေပါပဲ၊ ဒီလိုနဲ့ပဲ ကျွန်မလုပ်ဖြစ်ခဲ့တာပါ။

မေး။     ။ ဘယ်နေ့ကစတင်ခဲ့ပြီး၊ ဘယ်နေ့ထိ၊ လူဦးရေကရော ဘယ်လောက်တပ်ဆင်ပေးမှာလဲ

ဖြေ။     ။ ကျွန်မတို့က ဖွင့်ပွဲကို ၁၆ ရက်နေ့က လုပ်ခဲ့ပါတယ်၊ မတ်လ (၇) ရက်နေ့ထိ လူဦးရေ စုစုပေါင်း ၃၀၀ ကို တပ်ဆင်ပေးမှာပါ။

မေး။     ။ နှစ် ၄၀ လောက်က အိမ်မက်ကို အကောင်အထည်ဖော်နိုင်ခဲ့ပြီး၊ ခု ခြေတုတွေ တပ်ဆင်ပြီး လမ်းလျှောက်နေကြတာကို ကြည့်ပြီး အန်တီဘယ်လိုခံစားမိပါသလဲ

ဖြေ။     ။ သူတို့ ဝမ်းသာသလိုကျွန်မလဲဝမ်းသာပါတယ်။ သူတို့ဆိုဘယ်လောက်များဝမ်းသာလိုက်မလဲ သူတို့ ဝမ်းသာသလောက်ကို ဝမ်းသာပျော်ရွှင်မိပါတယ်။