U Nu Daw Mya Yi Foundation

Not for profit, just to help needy

ဦးနုဒေါ်မြရီဖောင်ဒေးရှင်း၏ မှတ်တမ်းများ

ယနေ့ (၁၆၊၂၊၂၀၁၇) မနက် ၁၁ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ ၂၆ ရပ်ကွက်၊ ပုလဲရတနာလမ်းမ၊ ပိဋကတ်သုံးပုံနိကာယ်စာသင်တိုက်တွင်  ဦးနုဒေါ်မြရီ ဖောင်ဒေးရှင်းနှင့် အိန္ဒိယနိုင်ငံအခြေစိုက် BHAGWAN MAHAVEER VIKLANG SAHAYATA SAMITI (BMVSS) JSIPUR အဖွဲ့ တို့က ပူးပေါင်းဆောင်ရွက်မည့် ခြေတုတပ်ဆင်ရန်လိုအပ်နေသူများကို မထမအကြိမ် အခမဲ့ ခြေတု တပ်ဆင်လှူဒါန်းခြင်း ဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့ပါသည်။ ဖွင့်ပွဲအခမ်းအနားတွင် အိန္ဒိယ သံအမတ်ကြီး H.E. SHRI VIKRAM MISRI နှင့် ဦးနုဒေါ်မြရီ ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဒေါ်သန်းသန်းနုမှလည်း အဖွင့်အမှာစကားများ ပြောကြားခဲ့ပါတယ်။ ဥက္ကဋ္ဌ ဒေါ်သန်းသန်းနု၏ အမှာစကားမှာ အောက်ပါ အတိုင်းဖြစ်ပါတယ်။

(လေးစားအပ်ပါသော ရွှေရတုတိပိဋကဓရ၊ ဓမ္မဘဏ္ဍဂါရိက၊ ဘဒ္ဒန္တရှင်သီလက္ခန္ဓာဘိဝံသ ဆရာတော် ဘုရားအမှူးပြုတဲ့ သံဃာတော်အရှင်သူမြတ်များဘုရား ဦးနုဒေါ်မြရီ ဖောင်ဒေးရှင်းအဖွဲ့ကိုယ်စား စကား အနည်းငယ် ပြောခွင့်ပေးပါရန် တပည့်တော် ခြေတော်ဦးခိုက် လျှောက်ထားအပ်ပါတယ်ဘုရား)

လေးစားရပါသော ရန်ကုန်တိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်း၊ ယခင်မြန်မာ့ ငြိမ်းချမ်းရေးစင်တာ ဒုတိယဥက္ကဋ္ဌ ဦးဇော်မင်း၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသမ္မတနိုင်ငံတော် သံအမတ် ကြီး HE SHRI VIKRAM MISRI အိန္ဒိယသမ္မတနိုင်ငံသံရုံး ဒုတိယအကြီးအကဲ SHWETA SINGH, SHRI TAPASH KUMAR GUPTA နှင့် သံရုံးအဖွဲ့သားများ၊ တော်ဝင်ကုမ္ပဏီလီမိတက်နှင့် တော်ဝင်ဖွံ့ဖြိုးမှု ဖောင်ဒေးရှင်းဥက္ကဋ္ဌ လူမှုထူးချွန်ပထမအဆင့် ဦးကိုကိုထွေးနှင့် ကြွရောက်လာကြတဲ့ ဧည့်သည်တော်များ အားလုံးကို မင်္ဂလာပါလို့ ဦးစွာနှုတ်ခွန်းဆက်ပါတယ်။

ဒီကနေ့ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံတဲ့နေ့ တစ်နေ့ ဖြစ်ပါတယ် ဆရာတော်ဘုရားရဲ့ ခွင့်ပြုချက်နဲ့ ဒီမင်္ဂလာရှိတဲ့ ဗိမာန်ကြီးမှာ ကျင်းပခွင့်ရရှိပါတယ်။ ကျေးဇူးကြီးလှပါတယ်ဘုရား။

နောက်ထပ်မင်္ဂလာတစ်ပါးက အခုလို မသန်စွမ်းသူတွေကို ကူညီပံ့ပိုးပေးရတာဟာ အနာကုလာစ ကမ္မန္တာဆိုတဲ့ အနှောင့်အယှက်မဖြစ်သော အကုသိုလ်မဖြစ်စေသော လုပ်ဆောင်မှုဖြစ်တာကြောင့် မင်္ဂလာတစ်ပါးဖြစ်ပါတယ်။ နောက်ထပ် မင်္ဂလာတစ်ပါး အနေနဲ့ ဉာတကာနဥ္စသင်္ဂဟော ဆိုတဲ့ အဆွေ အမျိုးတို့ကို ချီးမြှင့် ထောက်ပံ့ခြင်းမင်္ဂလာနဲ့လဲ ညီညွတ်ပါတယ်။ အခု ကျွန်မတို့ဆီမှာ မေတ္တာစေတနာ အပြည့်အဝနဲ့ ကူညီပေးမှာဖြစ်တာကြောင့်လဲ မင်္ဂလာဖြစ်ပါတယ်။

JSIPUR FOOT ခြေတုတပ်ဆင်ရေး လုပ်ငန်းကို အိန္ဒိယအစိုးရ၊ အိန္ဒိယသမ္မတနိုင်ငံတော် သံအမတ်ကြီးနဲ့ သံရုံးအရာရှိကြီးများရဲ့ ကျေးဇူးကြောင့် အခုမှအဆက်အသွယ်ရပေမယ့် ကျွန်မအတွက် အစိမ်း သက်သက်မဟုတ်ပါဘူး၊ ကျွန်မအိန္ဒိယနိုင်ငံမှာ နှစ်ပေါင်းသုံးဆယ်ကျော် နေခဲ့ရကတည်းက သိနေခဲ့တာ ဖြစ်ပြီး တစ်နေ့နေ့မှာ မြန်မာနိုင်ငံမှာလဲ ဒီအဖွဲ့ကြီးအကူအညီနဲ့ ခြေတုတွေ တပ်ဆင်ပေးမယ်လို့ သံဓိဌာန်ချခဲ့ပါတယ်။ အခုနှစ်ပေါင်း လေးဆယ်အကြာမှာမှ အကောင်အထည်ဖော်ဖို့ အခွင့်အလမ်း ရရှိခဲ့ ပါတယ်။ အခုလွန်ခဲ့တဲ့တစ်လက စတင်ဖို့စီစဉ်ခဲ့ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် အချိန်တစ်လ လောက်နောက်ကျပြီးမှ စတင်နိုင်ခဲ့ပါတယ်။ အခုလိုအခက်အခဲတွေကို ကျော်လွှားနိုင်ဖို့ ခန္တီစဆိုတဲ့ သည်းခံခြင်းမင်္ဂလာနဲ့လဲ ပြည့်စုံခဲ့ရပါတယ်။ JAIPUR FOOT လုပ်ငန်းကြီးရဲ့ နာယကကြီး SHRI Dr. MEHTA က “ကျွန်တော်တို့ လုပ်ငန်း အခုလိုအနေအထားရောက်ဖို့ နှစ်ပေါင်း ၄၀ ဖြတ်သန်းခဲ့ရပါတယ်။ ဝိုင်းဝန်းကူညီသူတွေ အားလုံးကိုလဲကျေးဇူးတင်ပါတယ်။ ဒီလို အောင်မြင်ဖို့အတွက် ကျွန်တော်က တောင်းရမ်းသူတွေထဲမှာ ထိပ်ဆုံးကလို့ဆိုနိုင်ပါတယ် (I am the biggest beggar.) ဆိုပြီး ပြေပြ ပါတယ်။ ကျွန်မလဲ မြန်မာနိုင်ငံမှာ JAIPUR FOOT လုပ်ငန်းကြီး အခြေချနိုင်ဖို့ နှစ်ပေါင်း ၄၀ စောင့်စား ခဲ့ရပေမယ့် ဆက်လက်ပြီး အထူးကြိုးစားလုပ်ဆောင်သွားပါ့မယ်လို့ ပြောလိုပါတယ်။

JAIPUR FOOT ဟာ မသန်စွမ်းသူများအတွက် ကမ္ဘာ့အကြီးဆုံး အဖွဲ့အစည်းကြီးဖြစ်ပြီး အခုဆိုရင် ကမ္ဘာအနှံ့မှာ ဒီအဖွဲ့ကြီးရဲ့ အထောက်အကူရရှိသူ တစ်သန်းခွဲကျော်နေပြီဖြစ်ပါတယ်။ ဒါ့အပြင် ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ စီးပွားရေးနှင့် လူမှုရေးကောင်စီမှာ အထူးအတိုင်ပင်ခံအဖြစ်လဲ အသိအမှတ်ပြု ခံထားရပါတယ်။

အခု ကျွန်မတို့ရဲ့ ဖောင်ဒေးရှင်းအကြောင်း အနည်းငယ်ပြောပြချင်ပါတယ်။ ကျွန်မတို့ရဲ့ ဖောင်ဒေးရှင်း အမည်က ဦးနုဒေါ်မြရီဖောင်ဒေးရှင်း ဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်၊ သြဂုတ်လ၊ ၆ ရက်နေ့မှာ စတင်ဖွဲ့စည်း ခဲ့ပါတယ်။ အဓိက ရည်ရွယ်ချက်ကတော့ ကျွန်မရဲ့ မိဘနှစ်ပါးဖြစ်တဲ့ ဦးနုနှင့် ဒေါ်မြရီတို့ရဲ့ နိုင်ငံအကျိုး၊ နိုင်ငံသူ၊ နိုင်ငံသားများအကျိုးကို ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသ၍ အသက်ထက်ဆုံး ကျိုးပမ်းဆောင်ရွက် ပေးခဲ့သလို၊ ကျွန်မမှာလဲ ဒီလိုစိတ်ဓါတ်မျိုး မွေးမြူနိုင်အောင် သွန်သင်ဆုံးမပေးခဲ့တဲ့ မိဘကျေးဇူးကို ပြန်ပြီးဆပ်တဲ့သဘောဖြစ်ပါတယ်။ ကျွန်မတို့ရဲ့ ရည်မှန်းချက်ကတော့ မြန်မာနိုင်ငံအတွင်း မှီတင်း နေထိုင်ကြတဲ့ နိုင်ငံသူ၊ နိုင်ငံသားအားလုံး လူမျိုးမရွေး၊ ဘာသာမရွေး ခွဲခြားမှုမရှိဘဲ လူချင်းတူတူ၊ သူချင်းမျှမျှ သွားလာလှုပ်ရှားရင်း၊ လူမှု အသိုင်းအဝိုင်းမှာ အကျိုးပြုလုပ်ငန်းတွေကို သိက္ခာရှိရှိ၊ ဂုဏ်ရှိရှိ ပါဝင်ဆောင်ရွက်နိုင်ဖို့ အတတ်နိုင်ဆုံး ကူညီသွားရန်ဖြစ်ပါတယ်။ ဖောင်ဒေးရှင်းကို ကျွန်မရဲ့ ကိုယ်ပိုင်ငွေကနေ သိန်းတစ်ရာနဲ့ မတည်ခဲ့တာဖြစ်ပြီး၊ ကျန်းမာရေး၊ ပညာရေး နယ်ပယ်တွေမှာ တတ်နိုင်သမျှ ပါဝင်ကူညီပေးနေပါတယ်။

Comments